``အပေါစားနှလုံးသားနဲ့ အပေါ့စားအချစ်အတွက် ပဲ့တင်သံ´´

posted under by chitsanm
အသည်းချင်းထပ် အချစ်ကိုအမြတ်ထုတ်တဲ့နင့်လိုလူ
ယဉ်ကိုယ်မူ လှပါလျှက် ရက်စက်စွာ စွန့်ခွာပြေးတဲ့ နင့်ရဲ့အချစ်

အပြစ်တင်ဖို့မဆိုထားနဲ့ နင့်အပြင် ဘယ်သူ့ကိုမှ မချစ်ခဲ့တဲ့ ငါလိုအချစ်မျိုးအတွက်

လှည့်ထွက်ခါ သူတစ်ပါးရင်ခွင် မမြင်ဟန်ဆောင်ပြုပြန်လည်း
အရင်လူဒီတစ်ယောက်ကို ဖောက်ပြန်ဖို့ နင်ကြံစည်ခဲ့...။

သည်းမခံနိုင်တဲ့အဆုံး အပြုံးတွေကို မျက်လွှာပြု
အတုအစစ်ခွဲခြားမရတဲ့ နင့်အချစ်အတွက်
ရက်ဆက် လွမ်းနေဖို့အတွက် ငါ့ရင်ခွင်မှာမရှိတော့ပြီ...။

တီတီတာတာစကားတွေနဲ့ ညီညီညာညာပြောနေဖို့ ငါမလိုတော့
ယိုလျော့တဲ့ နင့်အချစ်အတွက် စွဲမက်ဖို့ဆိုတာ အဝေးဆုံးမှာမို့
အပြေးသုံးကာ ဒိုးပေတော့ နင်ချစ်တဲ့နင့်ကြင်ရာသူဆီသို့....။



Written by
ချစ်စမ်း

``လမ်းပြမယ့် ရင်ခွင်သစ်´´

posted under by chitsanm

အချစ်စစ်အမှန်ကို
အပြစ်သင့် မကျန်ခဲ့စေချင်ဘူး... ချစ်သူ...။

ကိုယ့်ရင်ခွင်ထဲ မင်းအချစ်အရောက်
ပျောက်ရှာနေတဲ့ ကိုယ့်ရဲ့မျှော်လင့်ချက်လေးတွေ
ပေါ်လွင်ထင်ရှားလာတာဟာ အချစ်ရဲ့အကြင်နာများနဲ့
ဖန်ဆင်းခဲ့လေသလား ချစ်သူ...။

အယူမူဝါဒ ကွဲလွဲခဲ့ရင်တောင်
တဒင်္ဂအတွက်မဟုတ်ဘဲ ထာဝရအတွက်
ထပ်တူတကျ မှတ်ယူကြပါစို့ ချစ်သူ....။

အသစ်အသစ်အချစ်တွေနဲ့ တရစ်ရစ်နွယ်ယှက်ပြီး
ဖလှယ်ခဲ့တဲ့ သံယောဇဉ်မြစ်နှစ်စင်းရဲ့ မေတ္တာရေလှိုင်းလေးတွေကို
ခရီးကျောနှင်ကာ စီးနင်းလိုက်ပါရင်း
အချစ်ဆိုတဲ့ ထာဝရခရီးလမ်းရှည်ကြီးအပေါ်မှာ
အတူလျှောက်လှမ်းကြပါစို့ ချစ်သူရယ်...။ ။

Written by
ချစ်စမ်း

``အစမ်းသပ်ခံ ရောင်စင်မဲ့နှလုံးသား´´

posted under by chitsanm


မပီပြင်ဝိုးတ၀ါး မကြည်လင်ဆိုးရွားလှတဲ့
အိပ်မက်ရက်ရှည် ညများစွာရဲ့အလယ်မှာ
အတိတ်ရဲ့အဖြေကို
ပြန်ရှာမိကာ အခါခါပေါ့...။

ချစ်သူရဲ့ ကြည်လင်ရိုးရှင်းလှတဲ့ အဖြေမှန်တစ်ခုအတွက်
အသက်ထက်မြတ်နိုး ချစ်ခဲ့သော်လည်း
အချစ်အတွက် အပြစ်မဲ့တဲ့ဒီလူ့နှလုံးသားကိုမှ
မညှာတာခဲ့...။

အချစ်မဲ့ စကားတွေကို ရွတ်ဆိုပြတတ်သူရဲ့
နှစ်သိမ့်သံစဉ်လေးတွေရဲ့အလယ်မှာ
ကြယ်တာရာ မလင်းလက်တဲ့ လမိုက်ည
မိုးမှောင်ကျခဲ့တဲ့ ဒီလူ့နှလုံးသားကို
မင်းအတွက် အပြီးအပိုင် စတေးခဲ့လိုက်ပါပြီ
ချစ်ရတဲ့သူရယ်...။ ။

Written by
ချစ်စမ်း

``အစမ်းသပ်ခံ ရင်ခွင်မဲ့နှလုံးသား´´

posted under by chitsanm
အပြုံးပန်းတစ်ရာ မယာမဒီရဲ့
ဆွဲဆောင်မှုကြောင့်
အချစ်ဆိုတဲ့ ``အ´´ ``ချစ်´´စိတ်ကြောင့်
အညှာမညောင်း အသီးမရင့်ခင်မှာပဲ
မြေ၀ယ်ခညောင်း
ကြွေကြခဲ့ဖူးပြီ...။

အနှစ်မပါတဲ့ အချစ်တွေကို
အပြစ်မဖွဲ့ အချစ်စစ်သကဲ့သို့
ရစ်ဖွဲ့နှောင်ခဲ့သံယောဇဉ် အဖြစ်တွေကြောင့်
မထီမဲ့မြင် ကျီစယ်ပြုကာ စော်ကားခံခဲ့ရဖူးပြီ...။

ခပ်လှလှမဒီတစ်ပါးကို စွဲလန်းတမ်းတမိလို့
ကြိုးကိုင်နေသူ ထိုမဒီရဲ့ ဖြတ်တောက်မှုကြောင့်
ရုပ်သေးကြိုးပြတ် ဖြေဆည်ချိန်ကင်းမဲ့လောက်အောင်ထိ
အတုံးအရုန်း လဲကျခဲ့ဖူးပြီ...။

သံယောဇဉ် ချုပ်ငြိမ်းလွန်းလှတဲ့
ဒီအချစ်ရဲ့ ပဟေဠိ ပုစ္ဆာတွေကို
မဖြေဆိုနိုင်တော့တာ ငါ့ရဲ့ အပြစ်လား....။


Written by
ချစ်စမ်း

ကဗျာကဏ္ဍ(၁၆)

posted under by chitsanm

``မိုက်ရူးရဲ အချစ်´´

ပုံသဏ္ဌာန်မူခြားနားတဲ့
ထောင့်မှန်စတုဂံတစ်ခုနဲ့
သုံးနားညီတြိဂံတစ်ခုတို့ ပေါင်းစပ်ပြီး
စက်ဝိုင်းအသွင်သ
ဏ္ဌာန် ပေါ်ထွက်လာဖို့အတွက်
မဖြစ်နိုင်မှန်း သိသိနဲ့…။

နွေကန္တာရဲ့ ခြောက်သွေ့ရွက်ကြွေပင်တွေအကြား
ဥသြငှက်ငယ်ရဲ့ လွမ်းတေးသံတွေရဲ့အလယ်မှာ
ဆွတ်ပျံ့စိုစွတ်မှုအတိ ပေးစွမ်းနိုင်မယ့်
ချိန်ခါသင့်မိုးကြီး ရွာသွန်းဖို့အတွက်
မဖြစ်နိုင်မှန်း သိသိနဲ့…။

မတူညီတဲ့ အလွှာပေါင်းများစွာ တားဆီးထားတဲ့
မင်းနဲ့ကိုယ့်ရဲ့ကြားမှာ ``အချစ်´´ဆိုတဲ့
စကားလေးတစ်လုံးဟာ ကိုယ့်အတွက်
မဖြစ်နိုင်(မထိုက်တန်)မှန်း သိသိနဲ့…။

ကိုယ့်ရဲ့ခြောက်သွေ့ကမ္ဘာလေးထဲကို
မင်းရဲ့ အချစ်မိုးလေး ရွာသွန်းဖြိုးဖို့ တောင်းခံနေမိသူ
ငါလို (အချစ်မိုက်ရူးရဲဆန်တဲ့) ငမိုက်သား တစ်ယောက်စာ
မင်းရဲ့ နှလုံးသားထောင့်တစ်နေရာမှာ
ထာဝရရှင်သန်ခွင့် မျှော်လင့်ချက်လေးအတွက်
ဖြစ်နိုင်ပါဦးမလား…။


Written by
ချစ်စမ်း

ကဗျာကဏ္ဍ(၁၅)

posted under by chitsanm

``ငါ…နဲ့ ဆန္ဒ´´

ငါ…
ရယူနေချင်တတ်ပြီ…
ဟိုး… ဝေးဝေးက မမျှော်လင့် မတမ်းတကောင်းတဲ့
ကြယ်စင်လေးကိုပေါ့…။

ငါ…
သတိရစွဲလန်းနေတတ်ပြီ…
ဟိုး… ဝေးဝေးက မပိုင်ဆိုင်ထိုက်တဲ့
လှရွယ်ပျိုဖြူလေးတစ်ယောက်ကို အရူးအမူးချစ်မိနေလို့ပေါ့…။

ငါ…
မျှော်လင့်နေတတ်ပြီ…
ဟိုး… ဝေးဝေးက စိမ်းကားဟန် နိမိတ်ပြနေတတ်သူလေးရဲ့
သမင်လည်ပြန်အကြည့်လေးကို
ပိုင်ဆိုင်နိုင်မယ့် နေ့လေးတစ်နေ့ကိုပေါ့…။

ငါ…
ကြည်နူးနေတတ်ပြီ…
ဟိုး… ဝေးဝေးက ချစ်ရသူရဲ့နှုတ်ခမ်းအစုံမှ ထွက်ပေါ်လာတဲ့
``သတိရနေပါတယ်´´ဆိုတဲ့
ဖြေသိမ့်မှုအပြည့် ပါဝင်နေတဲ့စကားလေးကိုပေါ့…။

ငါ…
အမြဲကြားချင်နေတတ်ပြီ…
ဟိုး… ဝေးဝေးက ချစ်ရတဲ့သူမှ
ကြင်နာယုယမှုအပြည့်နဲ့ ထွက်ပေါ်လာမယ့်
``ချစ်နေပါတယ်´´ဆိုတဲ့
သံယောဇဉ် အချစ်စကားလေးကိုပေါ့…။

Written by
ချစ်စမ်း

ကဗျာကဏ္ဍ(၁၄)

posted under by chitsanm

``ငါသည်ချစ်မိ အပြစ်ရှိ´´

အလွမ်းနိဂုံးအဆုံးသတ်ဖို့ အပြုံးတပ်ပြီး
အထီးမကျန်ရက်ပါဘူး…။
ရင်ထဲမှခံစားချက်အတိန်အနက်တွေကြောင့် ဖြစ်ပေါ်လာတဲ့
အနက်ရှိုင်းဆုံး နှလုံးသားရဲ့လိုအင်ဆန္ဒတွေကို
မငြင်းဆန်ရက်ပါဘူး…။

ချစ်ရတဲ့သူရဲ့ နှုတ်ခမ်းအစုံမှ
မနှစ်မြို့ဖွယ်ရာ တုန့်ပြန်မှုစကားလေးတွေရဲ့ အဖြေမှန်ကို
အပြစ်မမြင်ရက်ပါဘူး…။

ချစ်မိသူ ငါ့ကိုသာလျှင် ပြန်လည်စမ်းစစ်မိတော့
``ငါသည် အပြစ်လား..? ၊ အချစ်သည် အပြစ်လား…?´´ဆိုတဲ့
ေ၀၀ါးဝါးစကားလုံးလေးတွေကို တီးတိုးရေရွက်မိပြန်၏။

အရူးအမူးချစ်မိသူ ငါ့ကိုသာ ထပ်ခါတလဲလဲ အဖြေရှာကြည့်ပြန်တော့
သြော်….
ငါသည်ချစ်မိ အပြစ်ရှိ၏။


Written by
ချစ်စမ်း

ပြောပြပါရစေဗျာ...

posted under by chitsanm
အသိနယ်ပယ်မှာ နုနယ်ခေါင်းပါးတဲ့ ကျွန်တော်ရယ်လို့ဆိုရင် မှားမလား။ အပြုတရားကိုကျောခိုင်းပြီး ....... အမိုက်မိသူ တစ်ယောက်လို့ပဲဆိုရင် ကောင်းမလား။ အဲဒီ မလား မလား တွေရဲ့အလည်မှာ ကိုယ်စွမ်းနိုင်သ လောက် ဉာဏ်မီသမျှလေးတွေကို စဉ်းစား၊ ဝေဖန်ပြီး Blog ရဲ့ နယ်ပယ် ထဲမှာ `ချစ်စမ်း´ ဆိုတဲ့ ကိုယ်ပိုင် Nick လေးနဲ့ ရပ်တည်နေခဲ့တဲ့ Blogger ချစ်စမ်းပါ။

တင်ခဲ့မိသမျှ Posts တွေရဲ့ အမှား၊ အမှန်ကို ရေးသူနဲ့ ဖတ်သူ အယူ အဆလေးတွေများ လွဲမှားသွားခဲ့ရင် လည်း ဖြည့်စွက်နားလည်ပေးကြပေါ့။ ဘ၀ရဲ့အသိ အချစ်သံစဉ်လေးတွေကိုပဲ ဦးစားပေးပြီး တင်ပြနေမိသူ ကျွန်တော့်ကို စာဖတ် သူများအဖို့ အသုံးတည့်ခဲ့သူတွေရှိသလို အသုံးမတည့်ခဲ့သူတွေလည်း ရှိနေမှာပင်။ ဝေဖန် ထောက်ရှုသူတွေရဲ့ကြားမှာ တစ်ဖက်တစ်လမ်းကနေပြီး ရသစာပေလေးတွေနဲ့အတူ အပမ်း ပြေရာလေး ဖြစ်ချင်ဖြစ်သွားမယ်။ ရင်မောဖွယ်၊ မနှစ်မြို့ဖွယ်လေးတွေလည်း ဖြစ်ချင်ဖြစ် သွားမယ်။ ချစ်စမ်းကတော့ `ချစ်´ဆိုတဲ့ ခေါင်းစဉ်ရဲ့အောက်မှာ အချစ်အကြောင်းလေးတွေ ကို တင်ပြနေမိဦးမှာပင်။

စာပေရဲ့နက်ရှိုင်းမှု၊ အသိတရားရဲ့နက်ရှိုင်းမှုတွေရဲ့အောက်မှာ စာပေရဲ့အကြောင်းလေး ကိုတော့ ပြောပြချင်မိပါရဲ့။ `စာပေ´ မည်သည် လူသူမရွေး လမ်းကြောင်းပြောင်းလဲ သွားနိုင်မည့် ကြောက်စရာအကောင်းဆုံးသော အဘိဓာန်ကျမ်းကြီးသဖွယ်ဆိုလျှင် မှားမည်မထင်။ အဲဒီစာပေရဲ့အမည်နာမအောက်မှာ ကိုယ့်အတွေး၊ ကိုယ့်အရေးလေးတွေကို တင်ပြမိပြီဆိုလျှင် စာပေလေ့လာလိုက်စားပြီး၊ ဆင်ယင်ကျင့်သုံးသူများအတွက် နစ်နာမှု ကိုတော့ စာရေးသူတိုင်း လိုလားကြမှာမဟုတ်ပါဘူး။ စာရေးသူကတော့ ရေးမှာပဲ။ စာဖတ်သူ အနေနဲ့ကလည်း ရေးထားတဲ့စာသားတွေရဲ့ အမှန်၊ အမှားကို ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ဆိုတာ ရှိနေပါတယ်။ ``ငါ.. ဒီစာကိုတင်ပြလိုက်ပြီ၊ ဒီစာက အမှန်ဆုံးပဲ´´ လို့ စာရေးသူအနေနဲ့ ထင်မြင်ယူဆမိရင် အစွန်းရောက်သွားမှာ အမှန်ပါ။

စာပေရဲ့ အကျိုးသက်ရောက်မှု၊ အဆိုးသက်ရောက်မှုဟာ လက်တွေ့ကြုံတွေ့ဖူးပါမှ အဖြေမှန်ဟာ ပေါ်စမြဲပါ။ အဲဒီတော့ ကျွန်တော် `ချစ်စမ်း´ အနေနဲ့ကလည်း မှန်တယ်၊ မှားတယ်၊ အကျိုးရှိတယ်၊ အကျိုးမရှိဘူးဆိုတဲ့ အနက်အဓိပ္ပါယ်တွေကို လစ်လျှူရှုပြီး Posts တွေကို တင်ပြနေခြင်းမဟုတ်ဘဲ၊ ကိုယ်စွမ်းသလောက် ရသစာပေလေးတွေကို တစ်ဖက်တစ်လမ်းက အကျိုးဖြစ်နိုင်လိမ့်မယ်အထင်နဲ့ ``ချစ်စမ်း´´ ဆိုတဲ့ Blog လေးကို တည်ထောင်လိုက်မိကြောင်း....။

စာရေးဆရာရဲ့ အတွေးအသိပဒေပသာမကြွယ်လှတဲ့ ကျွန်တော့်အတွေး၊ ကျွန်တော့်အရေးကိုတင်ပြမိခြင်း။

The History of Valentine's Day

posted under by chitsanm
တစ်နိုင်ငံလုံးတွင် ဖေဖေါ်ဝါရီလတိုင်းမှာ St. Valentine ၏ အထိမ်းအမှတ်နေနှင့် သကြား လုံးအချိုများ၊ ပန်းများနှင့် လက်ဆောင်များကို ချစ်သူအချင်းချင်း ဖလှယ်လေ့ရှိကြပါတယ်။ St. Valentine ဆိုသော ပဟေဠိဆန်နေတတ်သော Saint ဆိုသူများမှာ မည်သူနည်း။ သူ၏နေ့တွင် အဘယ်ကြောင့် ဂုဏ်ပြုပွဲပြုလုပ်ရသနည်း။ Valentine’s Day နှင့် ဤ Saint တို့၏ ရာဇ၀င်သည် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေလေသည်။ သို့သော် ကျွန်ုပ်တို့သည် ဖေဖေါ်ဝါရီလသည် ကြည်နူးဆွတ်ပျံ့ဖွယ် ချစ်ခြင်းများနှင့် ထုံမွှန်နေမှန်း သိခဲ့ကြသည်။ St. Valentine’s နေ့သည် ခရစ်ယန်နှင့် ရောမခေတ်တို့၏ ရိုးရာဓလေ့များ၏ အငွေ့အသက်များ ပါနေလျှက်ရှိသည်။ St. Valentine သည် မည်သူနည်း။ သူသည် ဤရှေးရိုးထုံးတမ်းစဉ်လာနှင့် မည်သို့ ဆက်စပ်နေသနည်း။ ယနေ့ Catholic ဘုရားကျောင်းသည် Valentine (သို့မဟုတ်) Valentinus အမည်ရှိသော Saint သုံးဦးကို အသိအမှတ်ပြုထားသည်။

အဆိုတစ်ခု(ဒဏ္ဍာရီ / သမိုင်း)က ပြောသည်မှာ Valentine သည် တတိယရာစုနှစ်တွင် ရောမနိုင်ငံတွင်ရှိခဲ့သော ဘုန်း ကြီးတစ်ပါးဖြစ်သည်ဟု ဆိုထားသည်။ Claudius II ရှင် ဘုရင်က အိမ်ထောင်မရှိသော ယောက်ျားများသည် အိမ် ထောင်ရှိယောက်ျားများထက် ပို၍ကောင်းသော စစ်သားများ ဖြစ်သည်ဟုဆိုကာ၊ လူငယ်ယောက်ျားများအား အိမ်ထောင် မပြုရဟူသော အမိန့်ထုတ်လိုက်သည်။ ဘုန်းတော်ကြီး Valentine ကမူ ဤကဲ့သို့ တရားမျှသမှုမရှိသော ဥပဒေကို ဆန့်ကျင်ကာ၊ ချစ်သူများအား တိတ်တဆိတ် လပ်ထပ်ထိမ်းမြားပေးခဲ့သည်ကို ရှင်ဘုရင်ကြီး သိသွားသောအခါ သူ့အား သေဒဏ်အမိန့် ချမှတ်ခံလိုက်ရသည်ဟုလည်းကောင်း။

နောက်အဆိုတရပ်((ဒဏ္ဍာရီ / သမိုင်း)ကမူ၊ ဘုန်းတော်ကြီး Valentine သည် လွန်စွာ ရက်စက်၍ ညှဉ်းပမ်းနှိပ်စက်ခံရသော ရောမထောင်သားများကို လွတ်မြောက်ထွက်ပြေး စေရန် ကူညီမိခဲ့သည့်အတွက် အသတ်ခံရသည်ဟုလည်းကောင်း။

နောက်အဆိုတရပ်(ဒဏ္ဍာရီ / သမိုင်း)ကမူ၊ ဘုန်းတော်ကြီး Valentine သည် ပထမဦး ဆုံးသော Valentine နှုတ်ခွန်းစာကို သူကိုယ်တိုင်ရေးခဲ့သည်ဟုဆို၏။ သူသည် ထောင်ထဲတွင် ရှိစဉ် ထောင်မှူး၏ သမီးကို ချစ်ခင်နှစ်သက်မိပြီး မသေမီ သူမအား စာတစ်စောင်ရေးခဲ့သည်။ ပြီးလျှင် “From Your Valentine” ဟု ဆိုင်းထိုးခဲ့ရာ ၄င်း အသုံးအနှုံးကို ယနေ့ထက်တိုင် သုံးစွဲနေဆဲပင်ဖြစ်ပါသည်။

သူ၏ သမိုင်းကြောင်းရာဇ၀င်သည် မည်မျှပင် ရှုပ်ထွေးများပြားစေကာမူ၊ ဘုန်းတော်ကြီး Valentine သည် ကြင်နာတတ်သော၊ သူရဲကောင်းဆန်သော၊ ချစ်ခင်တတ်သောသူ ဖြစ်လေသည်။ ထို့ကြောင့် အလယ်ပိုင်းခေတ်များတွင် သူသည် အင်္ဂလန်နှင့် ပြင်သစ်တွင် ပေါ်လွင်ထင်ရှားသော Saint တစ်ပါးဖြစ်သည်ဟု ဆိုလျှင် မှားမည်ဟုတ်ပါ။

တချို့က Valentine’s Day သည် ဖေဖေါ် ၀ါရီလ အလယ်တွင် ကျင်းပရခြင်းအကြောင်း မှာ St. Valentine ( ၂၇၀ အေဒီတွင် ကွယ် လွန်သွားသော)၏ သေဆုံးခြင်းအထိမ်းအ မှတ်အတွက် အောက်မေ့ဘွယ် ကျင်းပသည် ဟု ဆိုကြသည်။

တချို့အဆိုအရမူ ဤ Valentine နေ့ကို ဖေဖေါ်ဝါရီလအလယ်တွင် ကျင်းပရခြင်းအ ကြောင်းမှာ ခရစ်ယန်ဘရားရှိခိုးကျောင်းက ဘာသာမရှိ အရိုင်းလူတို့အား ခရစ်ယန်ဘာ သာဘက် သိမ်းသွင်းရန် အလိုရှိသူတို့က Lupercalia ဟုခေါ်သော ပွဲတော်ကို ဖေဖေါ်ဝါရီလအလယ်တွင် တမင်ကျင်းပသည်ဟု ယူဆ ကြသည်။

ရောမခေတ်အခါက ဖေဖေါ်ဝါရီလသည် နွေဦးပေါက်စကာလဟု သတ်မှတ်ကာ ဤအချိန်တွင် သန့်စင်ခြင်းပြုလုပ်သည့်အချိန်ဟု သတ်မှတ်ကြသည်။ ထိုအချိန်တွင် အိမ်များကို လှဲကျင်း သန့်စင်ကြကာ၊ ဆားနှင့် spelt ဟုခေါ်သော ဂျုံတစ်မျိုးနှင့် တစ်အိမ်လုံးကို ကြဲဖြန့်ကြ သည်။ Lupercalia ပွဲတော်သည် ဖေဖေါ်ဝါရီ ၁၅ တွင် ကျင်းပပြီး၊ မျိုးစေ့ရှင်သန် စေခြင်းပွဲတော်ဟု ခေါ်ဆိုအပ်သည်။ ဤပွဲတော်သည် Faunus ဟုခေါ်သော လယ်ယာစိုက်ပျိုးရေးနှင့်ဆိုင်သော ရောမဘရားကို၎င်း၊ ရောမကို စတင်တည်ထောင်ခဲ့သည်ဆိုသော Romulus နှင့် Remus တို့ကို ဂုဏ်ပြုပွဲအထိမ်းအမှတ်လည်းဖြစ်သည်။ ထိုပွဲတော်ကို Luperci ဟုခေါ်သော ရာမဘုန်းကြီးဂိုဏ်းက ဦးဆောင်ကျင်းပသည်။ သူတို့သည် Romulus နှင့် Remus တို့ မွေးခါစက မြေခွေးမကြီးက စောင့်ရှောက်ထားသည်ဟူသော ဂူကြီးတစ်ခုတွင်နေကြပြီး၊ မျိုးဆက်ရှင်သန်စေရန်အတွက် ရည်ရွယ်၍ ဆိတ်ကိုယဇ်ပူဇော်ပြီး၊ သန့်စင်ခြင်းအထိမ်း အမှတ်အဖြစ် ရည်ရွယ်၍ ခွေးကို ယဇ်ပူဇော်ကြသည်။

ထို့နောက် ယောက်ျားလေးများက ဆိတ်၏အ ရေခွံကို လှီးဖြတ်ကာ ယဇ်ပူဇော်ထားသော သွေးထဲနှစ်ပြီး၊ လမ်းတကာ လမ်းတွင်တွေ့ သော မိန်းမများနှင့် လယ်ခင်း၊ ယာခင်းများကို ထိုသွေးလူးထားသော အရေခွံများနှင့် အသာ အယာရိုက်ကြသည်။ ရောမမိန်းမများက လည်း ထိုသို့ပြုလုပ်ခြင်းခံရသည်ကိုမကြောက် ရွံ့ သည့်အပြင်၊ ထိုအရေခွံများနှင့် ထိရသည့် အတွက် နောင်လာမည့်နှစ်များတွင် သူတို့ပို၍ မျိုးဆက်အောင်မြင်စေမည်ဟု ယူဆကာ ၀မ်းမြောက်စွာလက်ခံကြလေသည်။

ထို့နောက် နေ့လည်တွင် မြို့တွင်းရှိ မိန်းမပျိုအားလုံးက သူတို့၏နာမည်များကိုရေးကာ အလွန်ကြီးမားသော အလွန်ကြီးမားသော အိုးကြီးထဲတွင် ထည့်လိုက်ကြသည်။ ထို့နောက် အိမ်ထောင်မရှိသော ယောက်ျားလေးများက အိုးကြီးထဲမှ နာမည်များကို တစ်ဦးစီ ရွေးကြကာ၊ ထိုမဲပေါက်သော မိန်းကလေးနှင့် ယောက်ျားလေးတို့သည် ထိုနှစ်အတွက် အတွဲအဖြစ်သတ် မှတ်လိုက်ကြသည်။ ထိုသို့ တွဲဖက်ခြင်းခံရသူများသည် နောက်ဆုံးတွင် လက်ထပ်ထိမ်းမြားမှု အဆင့်သို့ ရောက်ရှိသွားကြသည်။

ထိုအချိန်တွင် (အေဒီ ၄၉၈ တွင်) ပုပ်ရဟန်းကြီး Gelasius (ဂျလေးစီးယပ်စ်)က ဖေဖေါ်ဝါရီ ၁၄ ရက်ကို St. Valentine’s Day ဟု ခေါ်တွင်စေသည်။ ထို့နောက် ရောမသားများ၏ မဲဖေါက်ရန် ယောက်ျား၊ မိန်းမအတွဲတွဲပေးခြင်း စနစ်ကို ခရစ်ယန် ဘာသာနှင့် မအပ်စပ်သောကြောင့် တရားမ၀င်ဟု ကြေငြာလိုက်သည်။

ပြင်သစ်နှင့် အင်္ဂလန်တို့တွင် ဖေဖေါ်ဝါရီ ၁၄ သည် ငှက်များစတင်မိတ်လိုက်သည့်နေ့ ဖြစ်သောကြောင့်၊ ထိုအကြောင်းအရာကိုအစွဲပြု၍ ဖေဖေါ်ဝါရီလ အလယ် ၁၄ ရက်တွင် ကျရောက်သော St. Valentine’s Day သည်လည်း အချစ်များနှင့် ပြည့်နှက်ထုံမွှန်စေရမည်ဟု ဆိုထားကြသည်။

နှစ်အကြာဆုံး valentine အထိမ်းအမှတ်ကဗျာတစ်ခုသည် ယခုအထိ London ရှိ British စာကြည့်တိုက်တွင် ယခုတိုင် ရှိနေပါသည်။ ထိုကဗျာသည် Orleans (အော်လင်း)မြို့စား Charles က (၁၄၂၅ တွင် Agincount တိုက်ပွဲတွင် အဖမ်းခံရပြီး ဗြိတိန်တာဝါ (Tower of London) တွင် ထိမ်းချုပ်ခံရစဉ်) သူ၏ ဇနီးကို ရေးသားပေးပို့သော စာဖြစ်သည်။

ထိုဖြစ်ရပ်အပြီးနောက် နှစ်ပေါင်းသိပ်ပြီးမကြာခင်မှာပင်၊ အင်္ဂလန်ဘုရင် ပဥမမြောက် ဟံနရီ က စာရေးဆရာ John Lydgate ကို ငှားရမ်းကာ Valois မြို့မှ Catherine ထံ Valentine အချစ်သ၀ဏ်လွှာရေးသားစေသည်။

ဂရိဇ် ဗြိတိန်တွင် Valentine’s Day သည် ၁၇ ရာစုမှ စ၍ အနှံ့အပြားစတင်ကျင်းပကြသည်။ ၁၈ ရာစုအလယ်ပိုင်းတွင်မူ လူအတန်းအလွှာပေါင်းစုံရှိ သူငယ်ချင်းနှင့်ချစ်သူများကြား ထိုနေ့တွင် လက်ဆောင်များ၊ လက်ရေးမူများနှင့် ရေးထားသောစာများ အပြန်အလှန်ဖလှယ် နေကြပြီဖြစ်သည်။ ၁၈ ရာစုနှောင်းပိုင်းတွင် ပုံနှိပ်စက်များ ပေါ်ပေါက်လာပြီးဖြစ်၍ လက်ရေး နှင့်ရေးသောစာအစား ပုံနှိပ်ထားသောကဒ်များက အစားထိုးလာပါသည်။ ထိုစဉ်အခါက မိမိ၏ခံစားချက်များကို တိုက်ရိုက်ထုတ်ဖေါ်ပြောဆိုသောဓလေ့မှာ သိပ်ပြီးမရှိကြသောကြောင့် အသင့်ရေးထားသော ကဒ်ပြားများဖြင့် မိမိ၏ခံစားချက်များကို ဖေါ်ပြကြသည်။ စာပို့ခများ ကလည်း သက်သာသောကြောင့် Valentine Card များကို လူအမြောက်အမြားက အချင်းချင်းပို့ကြသည်။

အမေရိကန်လူမျိုးများသည်လည်း လက်ဖြင့်ပြုလုပ်သော Valentine လက်ဆောင်များကို ၁၇ ရာစုနှစ်စပိုင်းကစ၍ ဖလှယ်ကြသည်။ ၁၈၄၀ တွင် အမေရိကန်၌ Esther A ( အက်စသာ အေ) ဟော်လန်က Valentine Card အမြောက်အမြားကို ပထမဆုံးစတင်ထုတ်လုပ်လိုက်သည်။

Greeting Card Association (အဖွဲ့)၏ အဆိုအရ ဘီလီယံများသော Valentine Card များကို နှစ်စဉ် ပို့ကြဖလှယ်ကြသည်။ Valentine’s Day သည် နှစ်စဉ် လူအများ ဒုတိယအများဆုံး Card ပို့သော နေ့ဖြစ်သည်။ (ခရစ်စမတ်တွင် ၂.၆ ဘီလီယံကဒ်များပို့ ကြသည်။) ၈၅% သော Valentine’s Card များကို မိန်းမများက၀ယ်ကြသည်။ Valentine’s Day ကို အမေရိကအပြင်၊ Canada, Mexico, United Kingdom, France နှင့် Australia တို့တွင် ကျင်းပကြသည်။

ထို့ကြောင့် Valentine’s Day နှုတ်ဆက်ခြင်းသည် အလယ်ခေတ်မှာပင် ပေါ်ပြူလာ ဖြစ်လာသည်။ သို့သော် ၁၄၀၀ နောက်ပိုင်းမှာမူ စာဖြင့်ရေးသားသော Valentine ပေါ်ပေါက်လာသည်။ နှစ်အကြာမြင့်ဆုံးသော Valentine Card ကို British Museum တွင်း ပြသထားသည်။

ပထမဆုံးသော ထုတ်လုပ်ရောင်းချသော Valentine Card ကို USA တွင် ၁၈၄၀ ခုနှစ်တွင် Esther A. Howland က စတင်ပြုလုပ်သည်။ Howland ကို Valentine အမေဟု ခေါ်တွင်ပြီး၊ စာများ၊ ဖဲပြားများ၊ ရုပ်ပုံများနှင့် ဝေဆာစွာ ပြုလုပ်ထားကြသည်။

ကဗျာကဏ္ဍ(၁၃)

posted under by chitsanm

ဥာဉ် (သို့) စရိုက်

တစ်နေ့ကပေါ့

နွေးထွေးလွန်းတဲ့
`အမေ့´ဂေဟာထဲကနေ ရှုမငြီးနိုင်လွန်းတဲ့
သဘာဝဆိုတဲ့တရား ... ဒါကိုခံစား ...

ဒီအခိုက်လေးမှာတင်
ပန်းပွင့်တွေအနား ပျားတွေအကြားမှာ
ပျော်နေရှာတဲ့ အသီးတစ်လုံး...
ကြွေကျ... မြေခခဲ့တာ မြင်လိုက်ရ
ကြွေချိန်တန်လို့လား ခဲပျံကြောင့်မို့လား...

ဒါပေမယ့်...
ငါသိခဲ့တာ သဘာဝ သဘာဝဆိုတဲ့...
ဒီတရားကြောင့်သာဖြစ်မှာပါ...။

ဒီလိုပဲလေ...
နောက်... တစ်နေ့မှာ
(သိပ်)နွေးထွေးတဲ့မေတ္တာ `အမေ့´မေတ္တာ
ဒီမေတ္တာကို ဥပေက္ခာပြု
ဒေ၀ီတစ်ပါးရဲ့ ဆွဲဆောင်မှုကြောင့်ပေါ့...
အမေ့ရဲ့ယုယမှုကို ကျောခိုင်း...
အမေ့ရဲ့ရင်ခွင်ထဲကို သူစိမ်းဆန်ဆန်ကြည့်ခဲ့...

ဒါပေမယ့်... နှလုံးသား
သွေးချောင်းစီးလည်း
သွေးမွန်းပြီးမသေသွားတာ (သိပ်)ကံကောင်းတယ်...
ဒါလည်း... ဖူးစာလွဲလို့လား...?
လမ်းခွဲချင်လို့လား...?
ကျိန်းသေတာတော့ ငါသိထားတဲ့တရား...
သဘာဝကြောင့်များလား...?

ဒီလိုနဲ့
နောက်တစ်နေ့ရဲ့ မနက်ဖြန်မှာပေါ့...
ရင်ထဲက`အချစ်´ ဒီအချစ်ရဲ့
မြေဆီ(သြဇာ)တွေနဲ့
ပျိုးထားတဲ့ မေတ္တာပင် နုပျိုစဉ်မှာတင်
အမြစ်ပါမကျန်အောင် အနှုတ်ခံလိုက်ရ...
ဒါကတော့
ငါသိထားတဲ့တရား မလွဲမှားပေမယ့်
သူ့ပယာဂ...သူ့သဘာဝဆိုတာတော့
သေချာတယ်။ ။


Written By
Frankenstein

ချစ်ခဲ့ကြပါသည်... သို့သော်...

posted under by chitsanm
ပြီးဆုံးခဲ့တဲ့အဖြစ်အပျက်တွေရဲ့အချိန်တွေကို မေ့ပစ်နိုင်ဖို့ ငါ့မှာစွမ်းအားမရှိခဲ့ပါဘူး။ နှလုံး သားရဲ့ ခံစားမှုအတိမ်အနက်ကြောင့်ပင်.. ရူးသွပ်ခဲ့ဖူးသည်ဆိုလျှင်မှားမည်မထင်။ မမေ့ အပ်သောချစ်သူ၊ မတမ်းတကောင်းသော အခြေအနေမို့ သတိရဖြစ်ခြင်းတွေကို အိပ် မက်အဖြစ် မှတ်ယူတမ်းတနေမိတယ်လေ။

သူ့ရဲ့အကြည့်တစ်ချက်အထိမှာ အငိုက်မိ သွားသူက.. ငါ။ သူ့ရဲ့ညွှတ်ကွင်းအစုံတွင်း ဘယ်လိုမှ ရုန်းထွက်လို့မရနိုင်တော့လို့ ၊ အပြုံးပန်းတစ်ပွင့်ကြောင့်အရှုံးဆိုတာ မတွေး တောမိဘဲ မမုန်းတမ်းချစ်ရဖို့ ကြိုးစားခဲ့ သူက ငါရယ်ပါ...။

သူ့ရဲ့တုန့်ပြန်မှု ကမ်းလင့်အချစ်လေးကိုရခဲ့ ပြီးတဲ့နောက် နှလုံးသားအတွက် ပြီးပြည့်စုံတဲ့ အပျော်ရွှင်ဆုံးနေ့လေးတွေပေါ့။ ကိုယ့်အပေါ် ထားခဲ့တဲ့အချစ်၊ ကိုယ့်အပေါ်ထားခဲ့တဲ့သံယောဇဉ်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်အခြေခိုင်မြဲခဲ့ကြလေတယ်။ တစ်ဦးနဲ့တစ်ဦး တွေ့နေကြနေရာလေးကပင် ကိုယ် တို့နှစ်ဦး မဆုံဖြစ်ခဲ့ကြလျှင် အထီးကျန်ဆန်လွန်းနေသည့်အလားပေါ့။ ရက်ရှည်လများ ကြာခဲ့သည့်တိုင် သူနှစ်ကိုယ် သံယောဇဉ်တွေက ပိုပြီးခိုင်မြဲနေလေရဲ့။

ဒါပေမယ့် နှစ်ဦးစလုံးမျှော်လင့်မထားတဲ့ အခြေအနေလေးတစ်ခုသို့ ရောက်ရှိခဲ့ပြီလေ။ ကိုယ်ကလည်း သူ့ကိုချစ်ပါသည်... သူကလည်း ကိုယ့်ကိုချစ်ပါသည်... (သို့သော်....) ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြန်လည်တမ်းတမိတိုင်း ချစ်ရက်မှသည် လွမ်းရက်ကယ် ရှည်စေခဲ့ပါသလား။

ကဗျာကဏ္ဍ(၁၂)

posted under by chitsanm

ကမ်းလင့်အချစ်

တစ်နေ့မှမေ့မရ
တွေ့နေရမင်းရုပ်သွင်
အကြင်နာမာန မထားလင့်ပါနှင့်
မရွှင်သာ ကိုယ့်နှလုံးသားရယ်မို့
အကြင်နာတဆိတ်လေးမျှ လှမ်းလှည့်ပါ။

သခင်ကြင်သူမဲ့(မယ့်)ရင်ခွင်ဆီ
ဘ၀င်ရွှင်ပြုံး မင်းနှလုံးသားလေးများလာခဲ့လျှင်
ကြင်ရာမဲ့ ဟောဒီရင်ခွင်က
လှမျိုးကြွယ်ဒေ၀ီတစ်ပါးကို
ဆီးလို့သာ ကြိုနေဆဲ။ ။


Written By
ချစ်စမ်း

ကဗျာကဏ္ဍ(၁၁)

posted under by chitsanm

နောက်ဆုံးနေရာလေးတစ်ခု

သည်း(သဲ)နင့်အောင်ရူး
အချစ်ဆူးစူးခဲ့ပေမယ့်လည်း
ချစ်ခဲ့ဖူးသူ
မင်းတစ်ယောက်အတွက်တော့
မဖြေဆည်နိုင်တဲ့
လွမ်းမောတသမှုတွေနဲ့
အပြည့်ခံစားနေမိပေါ့။

တစ်သက်မမေ့မှာ မင်းတစ်ယောက်သာ
အကြင်နာမင်းအချစ် ဘယ်သူ့ရင်ဖြစ်
သူကစွန့်ပစ် မင်းဖြစ်ခဲ့လျှင်
ပန်းခြောက်ပမာ နွမ်းလျငြား
ငြိုငြင်စိတ်မထား ချစ်စိတ်ပွားကာ
ဖွဖွလေးကောက်ခါနမ်း
ပျောက်ဆုံးချိန်မတန်သေးရင်တော့
နောက်ဆုံးနေရာလေးတစ်ခု
မျှော်လင့်နေချင်သေးတယ်၊ ။


Written By
ချစ်စမ်း

ကျော်ကြားသော ဥပမာတစ်ခု

posted under by chitsanm

ဂူတစ်ခုထဲတွင် လူတန်းတစ်ခုကို ဂူနောက်နံရံကို မျက်နှာမူနေကြရအောင် ချီနှောင်ထားတယ်။

အဲဒီလူတန်းကြီးရဲ့နောက်မှာ မီးပုံတစ်ပုံနဲ့၊ ဘ၀ရဲ့ဆောင်ရွက်မှု၊ လှုပ်ရှားမှုပါဝင်နေတဲ့ ရုပ်ပုံ သဏ္ဍာန်စဉ်တန်းရှိနေတယ်။

ဒီရုပ်ပုံစဉ်တန်းတွေရဲ့ လှုပ်ရှားမှုတွေဟာ ဂူနံရံပေါ်မှာ အရိပ်တွေအဖြစ် ပေါ်နေကြပါတယ်။ ချီနှောင်ခံထားရတဲ့ လူတန်းကြီးဟာ၊ နံရံပေါ်က အရိပ်တွေရဲ့ ပြောင်းလဲနေတဲ့ မြင်ကွင်းကိုသာ မြင်နေရတယ်။ သူတို့ဟာ ဒါတွေကိုပဲအမြဲမြင်နေရတော့ အရိပ်တွေကို အစစ်အမှန်ပဲလို့ လက်ခံ ထားကြတယ်လေ။

တစ်ချိန်မှာ လူတစ်ယောက်ဟာ၊ လုံ့လ၀ရိယအားကြီးစွာဖြင့် ကြိုးလျော့လာနိုင်အောင်၊ တဘက်လှည့်နိုင်အောင် လုပ်နိုင်ခဲ့တယ်။ သူဟာ မီးကိုရော၊ လှုပ်ရှားနေတဲ့ ရုပ်ပုံစဉ်တန်းကိုပါ မြင်သွားလို့ အရိပ်တွေဟာ၊ အစစ်အမှန်မဟုတ်ဘူး၊ နံရံပေါ်မှာ ရောင်ပြန်ဟပ်နေတဲ့ အရာတွေ ပဲလို့ သဘောပေါက်နားလည်သွားတယ်။ တကယ်လို့ ပိုပြီးတော့သာ လုံ့လထုတ်နိုင်ရင်၊ အဲဒီလူဟာ နှောင်ကြိုးက လုံးဝလွတ်ထွက်နိုင်သည့်အပြင်၊ လွတ်လပ်မှုရပြီး နေရောင်ထဲသို့ ရောက်ရှိသွားနိုင်ပါသည်။

ကျွန်ုပ်တို့ရဲ့ မကောင်းတဲ့အခြေအနေဟာ ဂူထဲမှာနှောင်ကြိုးတဲခံထားရတဲ့ လူတွေရဲ့ အခြေ အနေလိုပါပဲ။ အရုပ်တွေဟာ ကျွန်ုပ်တို့နေထိုင်လျှက်ရှိတဲ့ “အယူအဆလောက”သာ ဖြစ်ပါ တယ်။

စွဲလန်းမှုတွေနဲ့ ချီနှောင်ခံနေရလို့ ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်၊ စိတ်ကူးစိတ်သန်း၊ ကြံစည် တည်ဆောက်မှုတွေကတဆင့် ကမ္ဘာကြီးကို မြင်သိကြတယ်။ ဒီအယူအဆကိုပဲ အစစ်အမှန် တွေပဲလို့ မှတ်ယူနေကြတယ်လေ။

သူငယ်ချင်းတွေအားလုံး ခံစားနိုင်အောင် ဘာသာပြန်စာအုပ်တစ်အုပ်မှ တိုက်ရိုက် ပြန်ကူး ချထားပါသည်။

ကဗျာကဏ္ဍ(၁၀)

posted under by chitsanm
ဘလော့ဂ်ချစ်သူ


ဘလော့ဂ်ကိုချစ် ရင်မှာနှစ်၍

အိပ်ပျက်ညတွေ များဖူးပြီ။


ဘလော့ဂ်ကိုခင် သံယောဇဉ်ကြောင့်

ချစ်သူစွန့်ခွာ ပြေးဖူးပြီ။


ဘလော့ဂ်မြတ်နိုး ရင်မှာကိုး၍

ဆဲဆိုငေါက်ငန်း မုန်တိုင်းကြမ်းကို

ဝမ်းနည်းဖွယ်ရာ ကြုံဖူးပြီ။


မည်သို့ကြုံဆုံ ရင်မခုန်ခဲ့

အဟုန်မြင့်မား ချစ်စိတ်ပွားကာ

သည်း(သဲ)ကြားမှပင် ထာဝရရှင်၏။


ယိုင်လျှင်ပြန်ထ၊ ပြတ်လျှင်ပြန်တွဲ

လဲလျှင်ပြန်ထ၊ ဇွဲလုံ့လနှင့်

ညညနေ့နေ့ အိပ်စားမေ့လည်း

ရေတွေ့ရွှေကြာ ပူပင်းကင်းစွာ

Blogger နယ်မှာ ပျော်ပါသည်။


Music Blog နဲ့ လက်ရှိ Blog နှစ်ခုအကြား ဗြာများနေအခိုက် အဖြစ်အပျက်လေးပါ။

ကြော်ငြာလေးတစ်ခုလို့ပဲဆိုရမလား

posted under by chitsanm
ကျွန်တော့်ရဲ့ဆိုဒ်ကို လာလည်ကြတဲ့ သူငယ်ချင်းတွေအားလုံးမင်္ဂလာပါ။

လာလည်ကြတဲ့အတွက်လည်း အားနာမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ပို့စ်တင်တဲ့ အပိုင်းမှာ ကြံ့ကြာနေတဲ့အပြင် ပို့စ်တင်တဲ့ဘက်ကိုမရောက်မိဘဲဖြစ်နေတယ်။

ဖြစ်ပုံကဒီလိုဗျို...
ကျွန်တော်က သီချင်းဘက်ကိုလည်း ၀ါသနာထုံတယ်လေ။ အဲဒီတော့ အခုလက်ရှိ Blog Site တင် မကဘဲ နောက်ထပ် Music Blog လုပ်ဖို့ စိတ်ကူးပေါ်လာပါတယ်။ ပေါ်လာတဲ့စိတ်ကူးကို အကြွေးမထားဘဲ Music Blog တစ်ခု ထပ်ပြီးလုပ်မိပါတယ်။ Music Blog လုပ်ရတာလည်း မလွယ်ဘူးဗျို။ လုပ်မယ်လို့စိတ်ကူးတဲ့အချိန်ကတော့ အခုလက်ရှိ Blog လို အချိန်တိုတိုနဲ့ ပြီးသွားလိမ့်မယ်ထင်မိတယ်။ လက်တွေ့အသေးစိတ်လုပ်ကြည့်မှပဲ သိပေတော့တယ်။

ပထမဆုံး Template ကို စိတ်တိုင်းကျလောက်မဲ့အခြေအနေလေးထိ အချိန်ပေးပြီးလုပ်ပါ တယ်။ နောက်ဆက်တွဲကတော့ သီချင်းပေါ့။ သူကတော့ အလုပ်အရှုပ်ဆုံးပဲလို့ ဆိုရမလားပဲ။ ကိုယ်ကြိုက်တဲ့သီချင်း ရွေးပြီးပြန်တော့လည်း သီချင်းစာသားလေးတွေက လိုပြန်ရော။ အဲဒီတော့ စာသားတွေကိုလည်း Type ရပြန်တယ်။ သီချင်းနဲ့ စာသားပြီးသွားပြန်တော့ သီချင်းကို Link ယူဖို့ Upload and Hosting Site ကို ရှာရပြန်တယ်။ အဲ .. ပြီးသွားပြန်တော့ သီချင်းနားထောင်ဖို့အတွက် Music Player ကိုရွေးရတယ်လေ။ အဲဒီတော့ သီချင်းတစ်ပုဒ် အတွက် အချိန်မနည်းပေးရတယ်ဗျ။ ပထမဆုံးအနေနဲ့ Music နဲ့ Music Video ပေါင်း 150 လောက်ရွေးပြီး တင်ထားလိုက်ပါတယ်။

အခုတော့ Music Blog လည်း ပြီးသွားပါပြီ။ သိထားတဲ့ သူငယ်ချင်းတွေရှိသလို၊ မသိသေးတဲ့ သူငယ်ချင်းတွေလည်း ရှိနေမှာပါ။ သူငယ်ချင်းတချို့ကလည်း ကျွန်တော် Music Blog လုပ်ထားတယ်ဆိုတာတော့ သိထားကြတယ်။ Link မသိလို့ မသွားဖြစ်ကြဘူးတဲ့။ အခုတော့ ဒီနေရာလေးမှာပဲ Link ကို တခါတည်း ကြော်ငြာလိုက်ပါတယ်ဗျာ။ အဲ.. နောက်ပြီး Music Blog အတွက် သီချင်းလေးတွေကို ကူညီရှာပေးတဲ့ ညီမလေးတစ်ဦးကိုလည်း အထူးပဲကျေးဇူး တင်မိပါတယ်။

Music Blog မှာ လုပ်ချင်တဲ့အပိုင်းလေးတွေ ပြီးသင့်တလောက်ပြီးသွားပြီမို့၊ အခုနောက်ပိုင်း မှာတော့ ပို့စ်တွေလည်းတင်၊ သီချင်းတွေလည်းတင်ဖို့ ကြိုးစားနေပါပြီ။ လာရောက်လည်ပတ် ကြသော သူငယ်ချင်းများကိုလည်း အထူးကျေးဇူးတင်ရှိလျှက်။

ပြုံးပန်းဝေဖြာ Bloggers

posted under by chitsanm
မိုးလေးကတဖွဲဖွဲပေါ့ Blogger အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်စိတ်တစ်ခု တစ်အုံနွေးနွေးနဲ့။ ဒီနေ့ MICT ရဲ့ Conference Hall မှာ လုပ်မဲ့ Seminar အတွက် ဖိတ်ကြားထားတဲ့ အထူး ဧည့်သည်တော်များနှင့် Blog ကို စိတ်ဝင်စားကြတဲ့ ဧည့်သည်တော်များ လာရောက်နိုင်ဖို့ အတွက် အဆီးအတားလေးတစ်ခုဖြစ်နေခဲ့တယ်လေ။
သို့သော်လည်း Blogger အားလုံးရဲ့စိတ်ထဲမှာ ယုံကြည်မှုလေးတစ်ခုကိုတော့ ကိန်းအောင်းနေ ခဲ့တယ်။ ကျွန်တော်တို့ Blogger တွေအားလုံးကြိုးစားထားသမျှ အောင်မြင်မှုအားလုံးသည် အချည်းနှီးမဖြစ်နိုင်ဆိုတဲ့ ယုံကြည်ချက်။

ကျွန်တော်တို့ Blogger တွေအားလုံး ဒီ Seminar ဖြစ်မြောက်ဖို့အတွက် တွေ့ဆုံညှိနှိုင်းပွဲများ မကြာခဏလုပ်ခဲ့ကြပါတယ်။ အခုမြင်နေရတဲ့ ပုံရိပ်လေးတွေကတော့ Seminar မစခင် 31-8-07 နေ့မှာ ရန်ကုန်ရှိ Blogger အချို့ စည်းစည်းလုံးလုံးနဲ့ အလှည့်ကျရင်မနွဲ့ကျစတမ်း ဆိုသလို တာဝန်ကိုယ်စီနဲ့ လှုပ်ရှားနေကြတဲ့ ပုံလေးတွေပါပဲ။





နံနက်မိုးလင်းလို့ 1-9-07 နေ့ကို ရောက်ရှိလို့လာခဲ့ပါပြီ။ Blogger တွေအားလုံး တာဝန်ကိုယ်စီနဲ့ ပြာပြာခတ်နေတဲ့ အချိန်လေးပေါ့။

အခမ်းအနား စတင်ချိန် နီးလာသည်နှင့်အညီ ကြွရောက်လာကြတော့ ဧည့်သည်တော်များနှင့် Blogger အချို့ကလည်း တဖြည်းဖြည်း များပြား၍လာပါတော့တယ်။




များပြားလာသော ဧည့်ပရိတ်သတ်များနှင့်အတူ ကျွန်တော်တို့ Blogger တွေရဲ့ စိတ်ထဲမှာ ပျော်ရွှင်မှုအတိ ဖုံးလွှမ်းလို့ နေခဲ့ပါတယ်။


ကြွရောက်လာသော ဧည့်ပရိတ်သတ်များလည်း စုံလင်သလောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Blogger အခမ်းအနားပွဲစဉ်လေးကို စတင်ရန်အချိန် ကျရောက်လာပါတော့တယ်။



ကိုနေဘုန်းလတ် (ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်)ဟောပြောနေစဉ်




နံနက်ပိုင်းအချိန် အခမ်းအနားပြီးသွား၍ နေ့လည်ပိုင်းမှာ အစားနဲ့ဧည့်ခံကြတယ်လေ။


ဟိုကြည့်ဒီကြည့် ကြည့်တယ်ဆိုတဲ့ ကိုမျက်လုံး ဟောပြောနေစဉ်။

ပရိတ်သတ်က မေးလာတော အမေးများကို ခေါင်းရှုပ်ခံပြီး စိတ်ရှည်ရှည် ရှင်းပြပေးနေတဲ့ ကိုညီလင်းဆက်။

မောင်မလိုပါ မယ်လိုနေသည် ဆိုတဲ့ မမယ်လိုဒီမောင် ဟောပြောနေစဉ်။

စေတန်(Talk About UCSY AND Computer)ဟောပြောနေစဉ်။


sisain ကို စီးစိမ်အဖြစ်လွဲမှားခံရခြင်း၊ ညီမလေးအိမ်အဖြစ် လွဲမှားခံရခြင်းနှင့် မိန်းကလေး Blogger ထင်မှတ်ပြီး Blogger မိန်းကလေးတစ်ယောက်က အကူအညီတောင်းကာ ပြီးသွားခါမှ ယောက်ျားလေးမှန်း သိသွားခံရတဲ့ ကိုစစ်အိမ် :P

ဟိုလျှောက်ဒီလျှောက် Camera တစ်လက်နဲ့ ပြာပြာခတ်နေတဲ့ ကိုဖြိုး။

ဓါတ်ပုံလေးများ လှလှပပ ပီပီပြင်ပြင်ထွက်လာဖို့အတွက် အားသွန်ခွန်စိုက် လှုပ်လျားနေတဲ့ ကိုညီလင်းဆက်နဲ့ ကိုဖြိုး။

ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ် (ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်)၊ ကိုမျက်လုံး(ဟိုကြည့်ဒီကြည့်)

ကြွရောက်လာသော ပရိတ်သတ်များ အပျင်းပြေအဖြစ် ကိုစိုးဇေယျ မှ Interview လေးတစ်ခု လုပ်ပေးနေစဉ်။

အခမ်းအနားမှူးအဖြစ် ပင့်ဂိုးလ် မှ အလှည့်ကျ အစီအစဉ်များကို ကြော်ငြာနေစဉ်။

ဘယ်နေရာမှာ ဘလော့ဂ် ကြမယ်လို့ အဖြေထုတ်ပေးနေတဲ့ ဘာညာဘာညာ ဟောပြောနေစဉ်။


Seminar လေး အောင်မြင်စွာပြီးဆုံးသွားပါပြီ။ ကြွရောက်လာကြသော အထူးဧည့်သည် တော်များ၊ မီဒီယာများနှင့် ဘလော့ခ် ချစ်သူ ဧည့်ပရိတ်သတ်များကတော့ အခမ်းအနားလေး ပြီးဆုံးသွားလို့ ပြန်လည်သွားကြပါပြီ။ ကျွန်တော်တို့ ဘလော့ဂါတွေမှာတော့မပြီးဆုံးနိုင် သေးပါဘူး။ ရန်ကုန်မှာရှိတဲ့ ဒီပွဲလေးဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီကြတဲ့ ကျွန်တော်တို့ ဘလော့ဂါတွေအားလုံး စုစည်းမိသဖြင့် အမှတ်တရ ဓါတ်ပုံလေးများ ရိုက်ဖြစ်ကြပါသေးတယ်။ အဲဒီနောက် နောက်ဆက်တွဲပွဲလေးတွေလည်း နွှဲခဲ့ကြတယ်ဆိုပါ တော့။
ဒီလိုနဲ့ပဲ တစ်နှစ်တာ Blogger Seminar လေးတစ်ခု အောင်မြင်စွာ ပြီးမြောက်သွားပါပြီ။ ကြွရောက်လာတဲ့ ဧည့်သည်တော်ပေါင်း ၆၀၀ (ခြောက်ရာ)နီးပါးတက်ရောက်ခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့ ရင်ထဲမှာလည်း အခုလို ဘလော့ဂါတွေနဲ့တွေ့ဆုံခွင့် ပူးပေါင်းပါဝင်မှု ရရှိတဲ့ အတွက် ပီတိဖြစ်ခဲ့မိပါတယ်။
နောက်နောင်နှစ်တွေမှာလည်း ဒိထက်မက စည်စည်ကားကားနဲ့ ဆက်လက်ပြီး ကျင်းပနိုင်ပါစေလို့ ဆန္ဒပြုလျှက်။

ကဗျာကဏ္ဍ(၉)

posted under by chitsanm

မေ့ပစ်လိုက်တဲ့ချစ်သူ

လွမ်းတော့ မလွမ်းပါဘူး
ဒါပေမယ့် မင်းနဲ့ဆုံတွေ့ချိန်လေးတွေကို
သတိရနေမိတရ် ...

ဆုံးရှုံးရမှာကိုကြောက်ခဲ့တဲ့
မင်းရဲ့အပြုံးလေးတွေကို
ငါ ပြန်မြင်နေတရ် ...

မချစ်ခဲ့ပေမယ့်လည်း
သံယောဇဉ်ဆိုတာကြောင့်
မေ့ဖို့ခက်နေခဲ့တရ် ...

မင်းမရှိတော့ပေမယ့်
မင်းရဲ့ စကားသံလေးတွေကို
ငါ့နားထဲမှာ ကြားယောင်နေမိတရ် ...

ငါ့ရင်ထဲမှာ မရှိတော့တဲ့မင်းကို
အခု ... နှမျောစိတ်နဲ့အတူ
မေ့ပစ်လိုက်ဖို့ ကြိုးစားနေမိတရ် ....

လွမ်းတော့ မလွမ်းပါဘူး !!!


(စိတ်လှုပ်ရှားခဲ့ဖူးသော ရင်ခုန်သံတစ်ချက်အတွက်)

ကဗျာကဏ္ဍ(၈)

posted under by chitsanm

အချစ်စစ်ရဲ့ တင်္ကေတ


  • အချစ်စစ်တိုင်းဟာအချစ်ဦးပါ။

  • မုန်းတိုင်းထန်ထန် နှလုံးလမ်းကြောင်းမှာ

    တော်တော်ရှည်အောင်လျှောက်ခဲ့ဖူးတယ်

  • မျက်စောင်းထက်မှာစူးစိုက်ကြည့်တတ်တဲ့

    ချစ်သူ မျက်ဝန်းမှာငါကျဆုံးဖူးတယ်

  • ရီဝေနှစ်မူးဖွယ်ရာ အနမ်းတွေစတင်ရာ

    နှင်းဆီဖူးလေးတွေရဲ့ ကြိုးကိုင်ရာအတိုင်း ကခဲ့ဖူးတယ်

  • ဒါပေမယ့်ချစ်သူရယ်

    အချစ်စစ်တိုင်းဟာအချစ်ဦးလိုပါပဲ

  • ဘ၀မှာအပိုင်သိမ်းထားခဲ့တဲ့ရက်စွဲတွေပြန်ပုံဖော်မိတယ်



ညီမလေး ပေးခဲ့တဲ့တင်္ကေတ

ကဗျာကဏ္ဍ(၇)

posted under by chitsanm
``အချစ်´´(ခံစားမိသော)
  • အကြည့်တစ်ချက်မျှနဲ့ စခဲ့ပေမယ့်
    အဆုံးသတ်ကိုပြောနိုင်ဖို့ခက်တာ
    အချစ်...

  • ပုံသဏ္ဍာန်မူခြားနားပေမယ့်
    ရင်ခုန်သံတွေ ထပ်တူညီတာ
    အချစ်...

  • သမုဒယ ပင်လယ်တွင်းက
    ဘ၀လှေငယ်တစ်စင်းအတွက်

    အားမာန်သစ်ဆိုတာ
    အချစ်...

  • ကာရံကို အနက်မသိပေမယ့်
    ကဗျာကို သီဖွဲ့ခံစားစေနိုင်တာ
    အချစ်...

  • အနည်း၊ အများ ကွဲပြားပေမယ့်
    ချစ်မိသူတိုင်း ပိုင်ဆိုင်လိုစိတ်ရှိတာ
    အချစ်...

  • အလှတရားကို ခံစားစေတာ အချစ်...
    လွမ်းတတ်အောင် သင်ပေးတာ
    အချစ်...
    သူငယ်ချင်းတို့ အမျိုးမျိုးခံစားကြတာ
    အချစ်...
    ............................................
    အချစ်...
    ............................................ အချစ်...
    ............................................ အချစ်...
    ပြောပြရုံနဲ့ ပြည့်စုံမလာတာ
    အချစ်...
    သူငယ်ချင်းတို့ ကိုယ်တိုင်ခံစားကြည့်....။ ။

ကာရံမဲ့သော မျှော်လင့်ချက်

posted under by chitsanm
``တိတ်ဆိတ်စွာရင်မှာခံစားရင်းနဲ့ မအိပ်စက်နိုင်တဲ့ ညတွေရဲ့အလည်မှာ မွန်းကြပ်လှတဲ့အိပ်မက်ထဲကမင်း တစ်ယောက်ကို ပိုင်ဆိုင်လိုစိတ်တွေနဲ့အတူမျှော်လင့် နေချိန်မှာ ငါ့ရဲ့ကြေကွဲစွာဟစ်ကြွေးလိုက်တဲ့အသံကို မင်းလေးကြားသိနိုင်မယ်ဆိုခဲ့လျှင်.....´´

အချစ်ကိုရူးသွပ်စွာ ကိုးကွယ်ခဲ့သူတစ်ယောက်။ အချစ် များစွာပေးဆပ်ချင်ခဲ့ပေမယ့်လည်း အချစ်ကံခေလှတဲ့ ငါ့အတွက်တော့ အချစ်ကိုမျှဝေခံစားပေးမယ့်သူဆိုတာ နတ္ထိ။ သူနဲ့ သူ့
ရဲ့အချစ်ကို စွဲလန်းစွာတောင်းတမိကာ ဖွင့်ဟတောင်းဆိုခဲ့သော်လည်း တုန့်ပြန်မှုက မထီမဲ့မြင်အဖြစ် သတိမမူ ဂရုမပြု။

မမျှော်လင့် မမျှော်သာတဲ့တစ်နေ့မှာတော့ သူ့
ရဲ့ဆွဲဆောင်မှုအစုံရဲ့ ညွှတ်ကွင်းထဲမှာ ကျရောက် သွားသူက ငါ...။ ပီပီပြင်ပြင်မရှိလှတဲ့ အချစ်စကားမကျတကျ စကားလုံးလေးတွေကြောင့် သူ့ရဲ့ဖြေသိမ့်စကားလေးတွေကို ကြားသိလိုက်ရပြီ။ ငါ့ရဲ့ မျှော်လင့်ချက်လင်းရောင်ခြည် တန်းဟာ သူပေါ့...။

သူကပေးထားတဲ့ မျှော်လင့်ချက်စကားလေးတွေကြောင့် အတွေးမှာလွှမ်းပြီး ကျွမ်းလုမတတ်။ စိတ်ကူးတာရှည်သည်နှင့်အမျှ မျှော်လင့်ခဲ့ရက်များစွာကို ဖြတ်သန်းခဲ့ပြီ။ ကိုယ့်အတွက် လွမ်းရက်ဆက်လေတိုင်း သူ့အတွက်အချစ်တွေက ပိုဆဲ... ပိုမြဲ...။

မျှော်လင့်ချက် အကြင်နာရှိသူ၏အရောင်က လွမ်းရောင်မသမ်းသည့်အပြင် ဖြေသိမ့်စကား လေးတွေကိုပင် မှေးမှိန်ပျောက်ကွယ်နေသည့်အလား။ အချစ်စကားလေးတွေနဲ့ ငါချစ်ရသူ ``သူ´´တစ်ယောက်ကို ထပ်မံဖွင့်ဟရန် ကြံရွယ်ခဲ့သော်လည်း ချစ်သူစိတ်ကွက် အနေ ခက်မှာစိုးလို့ စကားပင်မ၀ံ့ ပြောမထွက်ခဲ့။

ရင်မှာမျှော်လင့်ထားသူက မင်းတစ်ယောက်ပဲပေါ့။ မင်း
ရဲ့ဖြေသိမ့်စကားလေးတွေက မက် လောက်အောင်ပဲ ဆွဲထားခဲ့သလား၊ ပြတ်တောက်အောင်ပဲ ရက်စက်သွားလေမလား ဆိုတာ မသိနိုင်တဲ့ငါ့အတွက်တော့ ရေထဲကလရိပ်ကို မျက်စိစုံမှိတ်ပြီး ချစ်မိနေပြီလား။ ငါ့ရဲ့ စိတ်ဝိဥာဉ်ရဲ့အဖြေမှန်ကို မင်းသိခဲ့ရင် စာနာပေးလှည့်ပါ ကိုယ့်ရဲ့အချစ်ဆုံးသူရယ်....။

မြတ်နိုးပိုဆဲ “သူငယ်ချင်း”

posted under by chitsanm

“သူငယ်ချင်း... ဘ၀ရဲ့အာရုဏ်တက်နေ ထွက်ချိန်လေးအပြီးမှာ မင်းနဲ့ဒို့ တွေ့ဆုံ ခဲ့ကြတယ်နော်...။ ဘ၀အတွက် အားမာန် သစ် တွေကိုမွေးပြီး ဘ၀ရဲ့နေ၀င်ချိန်လေး မတိုင်မီ ပြန်လည်တွေ့ဆုံကြပါအုံးစို့”...

ငယ်စဉ်ကပေါင်းသင်းခဲ့ရသောသူငယ်ချင်း၊ ကြီးခါမှ တွေ့ခဲ့ရသောသူငယ်ချင်း၊ တာဝန် ကိုယ်စီတွေ လှုပ်ရှားရုန်းကန်နေချိန်မှာ ဆုံဆည်းရသောသူငယ်ချင်း၊ အကြောင်း အမျိုးမျိုးကြောင့် မမျှော်လင့်ဘဲရင်းနှီးသွား ခဲ့ရသော သူငယ်ချင်း၊ လူချင်းမမြင်မတွေ့ပေမဲ့ ဆက်သွယ်မှုကွန်ယက်အမျိုးမျိုးနဲ့ သိကျွမ်း ခဲ့ကြသော သူငယ်ချင်းများ စတဲ့ သူငယ်ချင်းများအားလုံးနဲ့ သိကျွမ်းရင်းနှီးရခြင်းကို ဘယ် အရာနဲ့မှ တန်ဘိုးဖြတ်နိုင်မှာ မဟုတ်ပါဘူး။

သူငယ်ချင်းရယ်လို့မှ ဖြစ်လာခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုဆိုတာ အမြဲ ရှိရမှာပေါ့။ တခါတလေ သတိလက်လွတ်ပြီး မမျှော်လင့်ပဲ မှားခဲ့တာတွေရှိကောင်းရှိမယ်။ ကိုယ် က မှားသည်ဖြစ်စေ၊ သူက မှားသည်ဖြစ်စေ ဘယ်လိုပဲဖြစ်နေပါစေ ခွင့်လွှတ်နားလည်ကြ ရမှာပေါ့။ ဒါမှလည်း သူငယ်ချင်းတွေအားလုံး စိတ်လက်ချမ်းသာစွာနဲ့ အရာရာကိုအင်အား ဖြစ်စေမယ်လေ။ ငါတို့သူငယ်ချင်းတွေစုပေါင်းပြီး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေသွားကြ မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုကို ပိုင်ဆိုင်သွားကြမှာ လွဲမှာမဟုတ်ပါဘူး သူငယ်ချင်း။

သူငယ်ချင်းနဲ့ဒို့ ဆုံးဖြတ်ချက်ကိုယ်စီနဲ့ လမ်းခွဲကြရပြီနော်...။ ကွဲကွာခွဲခွာခြင်းဆိုတဲ့ သဘာဝ တရားကို သွေဖီပြီး ဘ၀မှာ အခက်အခဲအမျိုးမျိုးကို အတူရင်ဆိုင်ချင်တာပေါ့။ ဒါပေမဲ့လည်း တစ်ဦးနဲ့တစ်ဦးက ဆုံးဖြတ်ချက်ဦးတည်ရာချင်းမတူညီလေတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ကိုပဲ အလေးပေး အရေးထားကြရမှာပေါ့။

ဘယ်လိုအခက်အခဲအတားအဆီးပဲရှိပါစေ စိတ်ဓါတ်ကိုကြံ့ကြံ့ခိုင်အောင် တင်းထားပြီး ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အကောင်းဆုံးပဲ သူငယ်ချင်း။ ငါတို့ငယ်ငယ်က ကဗျာလေး တစ်ပုဒ် ဖတ်ဖူးခဲ့ကြတယ်လေ...
  • ဘ၀လမ်းခရီးစဉ်..
  • ပီပြင်တဲ့ရည်ရွယ်ချက်
  • အားမာန်ဇွဲတွေနဲ့
  • ရဲဝံ့စွာရင်ဆိုင်လို့
  • ပန်းတိုင်ကို မျက်ခြေမပြတ်ပါမှ
  • ဖြောင့်မတ်စွာဒီတိုက်ပွဲမှာ
  • အောင်ပွဲ ဆက်.. ဆက်..
တဲ့ သူငယ်ချင်း...
ဘ၀မှာ အကောက်အကွေ့များသည့်အလျှောက် ခြောက်လှန့်ဖွယ်ရာ ဖြောင့်တန်းမှုတွေ လည်းရှိတယ် သူငယ်ချင်း။ ထိုက်တန်တဲ့အကျိုးခံစားမှုရရှိဖို့အတွက် ထိုက်တန်အောင် ကြိုး စားရမယ် သူငယ်ချင်း။

အဖော်မဲ့လို့ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာ ငါ့ကိုမလွမ်းပါနဲ့။ ငါပြောခဲ့တဲ့စကားလေး တွေကို သတိရလိုက်ပါ သူငယ်ချင်း။ ပြန်လည်ဆုံဆည်းခွင့်ကို တောင်းတရင်း ရှိဆဲ ရှိမြဲ သူငယ်ချင်းတွေကို တန်ဘိုးထား မြတ်နိုးနေလျှက်...။

စိတ်ကူးတစ်ခုရဲ့ ရူးသွပ်ခြင်း

posted under by chitsanm
ဆည်းဆာချိန်ရဲ့ နေရောင်ခြည်အလင်းတန်းလေး များက တိမ်တိုက်ကလေးများကြားမှ မ၀ံ့မရဲအ ကြည့်လေးနဲ့ ရေပြင်ကျယ်ကျယ်နဲ့ စိမ်းလန်းစိုပြေ နေတဲ့ အပင်လေးများတည်ရှိရာ ကမ်းစပ်ကလေး ရဲ့ တစ်နေရာမှာ ကြည်နူးမှုအပြည့်နဲ့ ရှိနေကြတဲ့ ချစ်သူနဲ့ ကျွန်တော့်ကိုမြင်ပြီး နှစ်လိုအားမရဖြစ် ကာ အေးစိမ့်ငြိမ်သက်နေတဲ့ ရေပြင်ညီလေးကို နမ်းရှိုက်မိလေသလား..။

အေးမြတဲ့ ရေပြင်ညီလေးပေါ်မှဖြတ်သန်းတိုက် ခတ်လာတဲ့ လေပြေလေညှင်းလေးများကလည်း ကမ်းစပ်မှာရှိတဲ့ အရောင်အမျိုးမျိုး၊ အပွင့်အမျိုးမျိုး ဖူးပွင့်နေရှာတဲ့ ပန်းပင်ငယ်လေးများအား ``ကြည် နူးမှုတွေအပြည့်ရှိနေကြတဲ့ ချစ်သူနှစ်ဦးကိုကြည့် ကြပါအုံးလော့´´ဟု လှုံ့ဆော်အသိပေးနေသည့် အလား..။

နားခိုရာ ငှက်မောင်နှံလေးတွေကလည်း ချစ်သူနဲ့ကျွန်တော် အချစ်ချင်းပြိုင်ဆိုင်နေကြပုံကို မြင်ပြီး နှစ်သက်ကြည်နူး၍ သူတို့ရဲ့နားဝင်ချိုဖွယ် တေးချင်းလေးများနှင့်အတူ ဂုဏ်ယူအား ပေးနေကြသည့်အသွင်..။

ချစ်သူသာလျှင် ကျွန်တော့်အတွက် အနက်ရှိုင်းဆုံးအချစ်တွေကို ဖန်ဆင်းပေးစွမ်းနိုင်သူပါ။ ချစ်သူရဲ့ သွယ်လျလျလက်ချောင်းလေးများအစုံကို ဆုတ်ကိုင်ပြီး၊ ဘ၀အတွက် အားမာန် သစ်တွေကိုတဖန် မွေးမိပါရောလား။ ချစ်သူရဲ့ နဖူးပြင်ထက်က ဆံနွယ်ခက်ကလေးများကို သပ်တင်ပြီး နူးညံ့ပျော့အိနေတဲ့ ချစ်သူရဲ့ပါးပြင်လေးကို နမ်းရှိုက်ထိတွေ့မိတဲ့အချိန်မှာ ချစ်သူအတွက်ကြင်နာမှုများစွာကို ထပ်ကာတိုး၍ ချစ်လိုက်မိပေါ့။ ချစ်သူရဲ့ ပန်းနုရောင် နှုတ်ခမ်းလေးနားအရောက် ချစ်သူရဲ့နှုတ်ခမ်းအစုံမှ လေသံဖွဖွလေးနဲ့ ထွက်ပေါ်လာတဲ့စကား လေးက ကျွန်တော့်ကိုသိပ်ချစ်တယ်တဲ့လေ။ ချစ်သူရဲ့ မျက်ဝန်းအစုံမှ ကျရောက်လာတဲ့ အလှဆုံးအပြုံလေးက ကျွန်တော်နဲ့အတူချစ်ကမ္ဘာလေးတစ်ခု တည်ဆောက်ကြရအောင်တဲ့။ ချစ်သူရဲ့ခွန်အားအစုံက ကျွန်တော့်ရဲ့ရင်ခွင်ထဲသို့ကျရောက်လာပြီး တီးတိုးရေရွတ်ကြား လိုက်ရတဲ့စကားလေးက ကျွန်တော့်ကို သူ့အနားမှာ အမြဲရှိစေချင်တယ်တဲ့လေ..။

လှပလွန်းတဲ့ ဆည်းဆာလေးကို ပျောက်ဆုံးသွားမှာ စိုးရိမ်မိတယ်ကွယ်။ ဒါပေမဲ့လည်း ချစ်သူနဲ့အတူနေရဖို့အတွက် ဆုံးဖြတ်ချက်အခိုင်အမာချဖို့ရန် ကြိုးစားနေရတဲ့အချိန်မို့ ခဏ သာခွဲခွာရဦးမှာပဲလေ..။

ချစ်သူနဲ့ ခေတ္တခွဲခွာချိန်လေးမှာ နှုတ်ဆက်အနမ်းပေးဖို့ရန်အတွက် ချစ်သူရဲ့ပါးပြင်လေးကို နမ်းရှိုက်လိုက်မိကာ စူးရှရှအပူရှိန်ကိုခံစားလိုက်မိကာမှ သြော်.... ငါ့ရဲ့စိတ်ကူးအတွေးတွေ နယ်ချဲ့နေတာပါလား။ ငါ့အပေါ်မှာ ကျရောက်နေတာ အရှိန်ပြင်းပြင်းနေရောင်ခြည်တွေ။ စူးရှရှနေရောင်ခြည်တွေက ``ချစ်သူတွေကြည်နူးကြတဲ့ ဒီနေရာမှာ ချစ်သူမရှိတဲ့သူ လာရသလား´´ဆိုပြီး ဒေါသအဟုန်ဖြင့် အပူတွေကိုအစွမ်းကုန်ထုတ်လွှတ်ပေးနေရော့ သလား..။

ဆူပွက်လုနီးပါး ပူလောင်နေတဲ့ရေပြင်ကို ဖြတ်ကျော်ပြီးတိုက်ခတ်လာတဲ့ လေပြင်းကလည်း ``ချစ်သူမရှိတဲ့သူအတွက်´´ဆိုပြီး လေအဟုန်ပြင်းပြင်းတိုက်ခတ်ကာ ကမ်းစမ်းနှင့်အနီးအနား မှာရှိ အပင်တွေကို လှောင်ပြောင်စေပြီး၊ ``ချစ်သူမရှိတဲ့သူ့ကို မောင်းထုတ်လိုက်တော့ ဟေ့...´´လို့ ကြွေးကြော်နေကြသည့်အလား..။

နားခိုရာ ငှက်မောင်နှံလေးတွေကလည်း ``ချစ်သူမရှိတဲ့သူ့ကိုမြင်ရတာ ငါတို့အတွက် နိမိတ် မကောင်းဘူး..´´။ ``ဒီနေရာကနေပြီးထွက်ခွာသွားအောင် အသံကုန်ဟစ်လိုက်မှ´´ ဆိုပြီး ငှက်မောင်နှံတွေရဲ့ ငြူစူကြိမ်းမောင်းမှုကို ခံနေရသည်အလား..။

ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ငါ့မှာချစ်သူမှမရှိတာပဲ။ ချစ်သူမရှိတဲ့ ငါ့အတွက် အရာရာတိုင်းဟာ လှပနိုင်ပါ့မလား။ ချစ်သူရဖို့အရေးကြိုးပမ်းခဲ့သမျှလည်း မည်သူကမျှ အလေးအနက်ထားပြီး နှလုံးအိမ်ထဲသို့ ထည့်သွင်းတွေးတောပေးဟန်မရှိကြ။ ``အင်း... ရှိပါစေတော့´´ငါပိုင်ဆိုင်ထားတဲ့ ငါ့ရဲ့အချစ်တွေဟာ ခါးတီးလွန်းတဲ့အသွင်ဖြစ်နေလို့ပဲရှိမှာ ပေါ့။ ရှေ့ဆက်ပြီး စွမ်းအားအပြည့်နဲ့ မျှော်လင့်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ မျှော်လင့်ချက်နဲ့ တမ်းတမှုတစ်ခုတော့ တည်ရှိနေချင်သေးတယ်။ ``ငါ့ရဲ့ စိတ်ကူးယဉ် အတွေးလေးအတိုင်း ငါ့ရဲ့အချစ်လောကမှာဖြစ်လာနိုင်ပါအုံးမလား......´´။

top